Lifestyle

ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ခဲ့သည့် တစ်ကိုယ်ရေတစ်ကာယသမားများ

ခေါင်းစဉ်ဖတ်ပြီးတာနဲ့ ကြီးကျယ်လှချည်လားလို့ ထင်စရာရှိပါတယ်။ တကယ်တော့ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲဖို့ရာ အတ်ာလေး ခက်ခဲပါတယ်။ ဒီလို ခက်ခဲတဲ့အလုပ်ကို စစ်တိုက်ပြီး ဖြေရှင်းရုံနဲ့ မရပါဘူး။ ဒီလိုပဲ ပိုက်ဆံတွေနဲ့ လက်ဝါးကြီးအုပ်ပြီး ဖြေရှင်းဖို့လည်း မရှိနိုင်ပါဘူး။ အောက်ပါပညာရှင်ကြီးတွေကတော့ သူတို့ရဲ့ တစ်ကိုယ်ရေစွမ်းဆောင်မှုနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ခဲ့သူတွေပါ။

(၁) Leo Tolstoy

လီယိုတော်စတွိုင်းဟာ သူရဲ့ အတွေးအခေါ် သဘောတရားတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲခဲ့သူပါ။ သူတွေးတာတွေက ရိုးရိုးလေးပေမယ့် ကျနော်တို့ မတွေးမိတဲ့ ကတ်သီးကတ်ဖဲ့လေးတွေပါ။ သူဟာ “စစ်နဲ့ငြိမ်းချမ်းရေး”စာအုပ်ကြောင့် သူ့ကို လူသိပိုများခဲ့ပါတယ်။ တကယ်တော့ သူဟာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို မရရှိခဲ့လို့ The Kreutzer Sonata စာအုပ်ကလေးနဲ့ စိတ်ကူးယဉ်ခဲ့ပေမယ့် အဲဒီစာအုပ်ကလည်း အောင်မြင်ခဲ့ပါတယ်။ သူရဲ့ အတွေးအခေါ်တွေကြောင့် လူတွေရဲ့ စိတ်သဘောထားကို ပြောင်းလဲနိုင်ခဲ့ပြီး၊ နောက်ပိုင်းကာလတွေမှာ စာအုပ်တွေနဲ့ တခမ်းတနား ဖော်ပြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

(၂) Benjamin Franklin

ဘန်ဂျမင်ဖရန်ကလင်ကို အမေရိကန်ကို တည်ထောင်သူအဖြစ် လူတွေက သိထားကြပါတယ်။ အမေရိကန်ရဲ့ ဖခင်ကြီးလို့တောင် တင်စားကြပါတယ်။ သူဟာ ဗဟုသုတနှံစပ်သူတစ်ဦးအဖြစ် ကျော်ကြားခဲ့ပြီး၊ သူဌေးသူကြွယ်၊ မင်းမျိုးမင်းနွယ်၊ နိုင်ငံခြားသံတမန်တွေအပ်ါမှာလည်း အလွန်သြဇာညောင်းခဲ့သူပါ။

ဖရန်ကလင်ဟာ စာရေးဆရာ၊ ပုံနှိပ်လုပ်ငန်းရှင်၊ နိုင်ငံရေးဝါဒရေးရာ ပညာရှင်၊ နိုင်ငံရေးသမား၊ စာပို့ဌာနအကြီးအကဲ၊ သိပ္ပံပညာရှင်၊ တီထွင်သူပညာရှင်၊ ဟာသစာဟောဆရာ၊ တက်ကြွလှုပ်ရှားသူ၊ လူချွန်လူကောင်း၊ သံအရာရှိစတဲ့ လုပ်ငန်းတာဝန်တွေကြားမှာ ပျော်မွေ့ခဲ့သူပါ။ သူဟာ Pennsylvania ပြည်ထောင်စုရဲ့ ခြောက်ဆက်မြောက် သမ္မတလည်း ဖြစ်ခဲ့ပါသေးတယ်။ သူဟာ အမေရိကန်အတွက် အလွန်ကောင်းကျိုးများစေခဲ့တဲ့ ပုဂ္ဂိုကြီးဖြစ်ပြီး၊ သူရဲ့အတွေးအခေါ်နဲ့ အမူအကျင့်တွေဟာ ပြည်သူအကြားမှာ ပျံ့နှံရောက်ရှိခဲ့ပါတယ်၊

(၃) မဟတ္တမဂန္ဓီ

ဂန္ဓီဟာ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားရေးခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ သူဟာ ပညာတက်လူတန်းစားတစ်ယောက်ဖြစ်ပြီး အလွန်ချိုးခြံချွေတာနိုင်သူလည်း ဖြစ်ပါတယ်။ သူ့ကျွန်ဘဝကို ကျရောက်နေတဲ့ အိန္ဒိယကို အလွန်ကယ်တင်လိုသူဖြစ်ပြီး၊ လက်နက်ကို ငြိမ်းချမ်းခြင်းနဲ့ အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆူပူမှုကို သည်းခံခြင်းဖြင့် အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းဖြစ် အထည်အလိပ်တွေကို အားပေးဖို့ ကိုယ်တိုင်ချည်ကိုငင်ပြီး၊ ကိုယ်တိုင် ဝတ်ဆင်ပြခဲ့ရာမှာ အနောက်တိုင်းလုပ်ငန်းရှင်တွေ အလွန်အထိနာခဲ့ပါတယ်။

ဂန္ဓီကိုယ်တိုင်လည်း လန်ကွတ်တီလေးနဲ့ နေလေ့ရှိပြီး မိန့်ခွန်းပြောတဲ့အခါမှာလည်း မာန်တွေထန်တွေနဲ့ ဟိတ်ဟန်လုပ်လေ့မရှိ။ ပကတိအတိုင်း သူ့ယုံကြည်ချက်အတိုင်း ရိုးရိုးသားသား ပြောဆိုဖြောင်းဖျသူဖြစ်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူ့နောက်ကိုလိုက်ပါလာချိန်မှာ အာဏာပိုင်တွေက အထူးစိုးရိမ်လာပါတယ်။ ဒါကြောင့် တားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့အထွတ်အထိပ်ရောက်မှုကို မသမာသူတွေက စိုးရိမ်လွန်ကဲပြီး (၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။ သူသေသွားပေမယ့် သူရဲ့ ငြိမ်းချမ်းရေးတရားဟာ ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့ပါတယ်။

(၄) အဲလ်ဘတ်အိုင်စတိုင်း

ရူပဗေဒပညာရှင်ကြီး အိုင်စတိုင်းဟာ သူ့ရဲ့ အတွေးအခေါ်အသစ်တွေနဲ့ သီအိုရီတွေကြောင့် အလွန်ကြော်ကြားခဲ့သူဖြစ်ပပါတယ်။ ခေတ်သစ်ရူပဗေဒရဲ့ စနစ်သစ်ကြီးကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ သူ့ရဲ့ ထူးခြားတဲ့ တွက်ချက်နိုင်မှုစွမ်းရည်ကို ဘယ်သူမှ လိုက်မမီခဲ့ပါဘူး။ သူ့ရဲ့အတွေးအခေါ်အယူအဆအသစ်တွေနဲ့ မှန်ကန်တဲ့ပုံသေနည်းတွေကြောင့် ရူပဗေဒသဘောတရားနဲ့ အတွေးအခေါ်တွေကိုလည်း ပြောင်းလဲနိုင်ခဲ့ပါတယ်။

(၅) အက်ဒီဆင်

တီထွင်သူ သိပ္ပံပညာရှင်ကြီး သောမတ်အယ်လ်ဗာအက်ဒီဆင်ကလည်း သူ့ရဲ့တီထွင်နိုင်မှုစွမ်းအားတွေကြောင့် ခေတ်ကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်စွမ်းရှိခဲ့သူပါ။ လျှပ်စစ်နဲ့ပတ်သက်တဲ့ တီထွင်မှုပေါင်း (၁)သောင်းကျော်ကို ပြုလုပ်ခဲ့ပြီး၊ အမှောင်ခေတ်ကနေ အလင်းခေတ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် သူရဲ့ဖန်တီးမှုနဲ့ အောင်မြင်ခဲ့တဲ့ မီးသီးဟာ ကမ္ဘာကြီးတစ်ခုလုံးအတွက် ကျေးဇူးကြီးမားခဲ့ပါတယ်။ သူဟာ အင်ဂျင်နီယာပညာဘက်မှာလည်း သူမတူအောင် တတ်ကျွမ်းခဲ့သူဖြစ်ပြီး၊ ငယ်စဉ်ကတည်းက ကျောင်းထုတ်ခံရပေမယ့် သူရဲ့ ပင်ကိုယ်ဖန်တီးနိုင်စွမ်းကိုတော့ သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်ပယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

(၆) ဂရေဟမ်ဘဲလ်

အလက်ဇန္ဒားဂရေဟမ်ဘဲလ်ဆိုတာ စကော့သိပ္ပံပညာရှင်ကြီးပါ။ လက်ရှိအချိန်မှာ မရှိမဖြစ်အသုံးဝင်နေတဲ့ တယ်လီဖုန်းကို တီထွင်နိုင်ခဲ့သူဖြစ်ပြီး၊ ၁၈၈၅ ခုနှစ်မှာ အမေရိကန်တယ်လီဖုန်းနဲ့ ကြေးနန်းကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ကာ ငွေကြေးဒေါ်လာ သန်းချီ ချမ်းသာကြွယ်ဝသူ ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့တီထွင်မှုကြောင့် နောက်ပိုင်းမှာ ပိုကောင်းလာတဲ့ နည်းပညာနဲ့အတူ ကြိုးမဲ့ဆက်သွယ်ရေးစနစ်၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေအထိ တိုးတက်လာခဲ့တာပါ။

(၇) အဲလ်ဖရက်နိုဘယ်လ်

ဆွီဒင်ဓာတုဗေဒသိပ္ပံပညာရှင်ကြီး အဲလ်ဖရက်နိုဘယ်လ်ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လူသတ်လက်နက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောရင် သူ့ရဲ့ဂုဏ်သိက္ခာကို ညစ်နွမ်းစေရာ ရောက်မှာပါ။ ဒါပေမယ့် သူဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ခဲ့သူဖြစ်ပြီး၊ ကနဦးတုန်းကတော့ အသုံးဝင်သလောက် နောက်ပိုင်းမှာ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ဒိုင်းနမိုက်ကို အသုံးချလာပါတယ်။

ယမ်းဘီလူးကို အခြေခံပြီး၊ လူသတ်လက်နက်တွေ ထွက်ပေါ်လာခဲ့ရာ နိုဘယ်တစ်ယောက် သူ့ရဲ့ တီထွင်မှုကို အလွန်နောင်တရခဲ့ပါတယ်။ ဒါကြောင့်လည်း သူပိုင်ဆိုင်သမျှ ပိုက်ဆံတွေကို နိုဘယ်လ်ဆု ချီးမြင့်ရာမှာ အသုံးပြုဖို့ ထားရစ်ခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို နိုဘယ်လ်ဆုချီးမြင့်ဖို့ ရာထားခဲ့ပါတယ်။ အခုဆိုရင် နိုဘယ်လ်ဆုဟာ ခေါင်စဉ်ပေါင်း(၆)ခုနဲ့ ချီးမြင့်နေပါပြီ။

နတ်စည်တော် (Shwemom)

Leave a Reply

Your email address will not be published. Required fields are marked *